09 Dec 2009
by phoenix
in ပိုစ့်, အလင်းရုပ်ကြွင်းစာစုများ
“ကောင်မလေး .. ဗျာ .. “
စကား-၁ ။
” အဲ့ဒီ့တုန်းကလေ ။ ဒေါ်ဖွားခင်ကြီးဆေးရုံတတ်တဲ့နေ့ပေါ့ ။ သူ့ကလေးတွေကဆေးရုံပို့မယ်လုပ်ကြတုန်းမတတ်ချင်ဘူးဆိုပြီး အိမ်သာထဲမှာ သော့ခတ်ပြီးနေတာလေ ။ အရပ်ကူပါလူဝိုင်းနဲ့ တံခါးဖျက်ပြီးဆွဲထုတ်ရတာ မှတ်မိတယ်မဟုတ်လား ။ အဲ့ဒီ့နေ့ကပေါ့ .. . ကောင်မလေးလည်း ရည်းစားနောက်လိုက်ပြေးတာ ။ ပထမတော့ကောင်မလေးအိမ်ကစိတ်ဆိုးတာပေါ့ ။ ကောင်မလေးကငယ်ငယ်လေးဘဲရှိသေးတာလေ ။ နောက်တော့လား .. ။ မနေနိုင်ပါဘူး ပြန်လက်ခံရတာပေါ့ ။ အေးပေါ့ .. သူတို့ဘက်က မိန်းခလေးဆိုတော့ .. ။ ကောင်မလေးလား၊ ဟုတ်တယ်လေ ။ ငယ်ငယ်နုနုလေး ။ ဘယ်လိုကြည့်ကြည့်ကလေးလို့ပဲထင်ရတယ် ။ ရည်းစားထားတယ်ကြားတုန်းက ကိုယ်တောင်သိပ်မယုံချင်ဘူး .. “
စကား-၂ ။
” သြော် .. . ဒါလား ။ ဒီလိုပါဘဲ ။ ဖြစ်တတ်တဲ့သဘောတွေပေါ့ ။ ဒီလောက်ထိတော့မထင်ထားဘူးပေါ့ ။ ကောင်မလေးက ကလေးစိတ်ပါ ။ ကျွှန်တော်တို့နဲ့က ညီမလေးလိုပါပဲ ။ သူတို့အုပ်စုနဲ့ ကျောင်းစတတ်ကတည်းက ခင်တာလေ ။ အင်း .. ကျွှန်တော်တို့ကိုဆိုရင် ကိုကြီး ကိုကြီးနဲ့ အရမ်းခင်တာ၊ နှမျောသလိုတော့ဖြစ်မိပါတယ် ။ ဒါပေမယ့် သူ့စိတ်ကိုယ့်စိတ်ဆိုတော့ ဘာတတ်နိုင်မှာလဲ ။ သူတို့စကြိုက်တုန်းက မသိဘူး ။ တော်တော်လျှို့ ဝှက်တာ ။ အရင်က သူ့ကိုကြိုက်တဲ့သူ တစ်ယောက်စ နှစ်ယောက်စရှိသားဗျ ။ ကျွှန်တော်တို့တောင်စားလိုက်ရသေးတယ် ဟဲဟဲ ။ သူနဲ့အရမ်းခင်တယ်ဆိုတော့ လိုက်တဲ့သူတော်တော်များများကသူ့အကြောင်းသိချင်ရင်လာစုံစမ်းကြတာလေ ။ မျက်စိထဲမှာ အမြင်တော်တဲ့လူဆို ရေလိုက်ငါးလိုက်ဘဲ ။ အတိအကျတော့ဘယ်ပြောပါ့မလဲ ။ အင်း …. ကောင်းပါတယ်ဗျာ ။ ကောင်းတယ်လို့ပဲပြောရမှာပေါ့ ၊ ဟုတ်ဘူးလား ။ သူကြိုက်တဲ့လူနဲ့ရသွားတာ မကောင်းဘူးလို့မှ ပြောလို့မရတာ။
စကား-၃ ။
” ဘာဖြစ်လို့ဒီအကြောင်းတွေလာမေးနေရတာလဲ ။ မပြောချင်လို့မဟုတ်ပါဘူး ။ ပြောရမှာတမျိုးကြီးဘဲ ။ အင်းလေ .. သိချင်ရင်တော့ပြောပြရတာပေါ့ ။ အာ .. ဟုတ်ဘူး၊ မဟုတ်ဘူး အခုမဟုတ်ဘူး ။ သူတို့ကြိုက်နေတာ နည်းနည်းကြာပီ ။ ကောင်မလေးက စတယ်ထင်တာဘဲ ။ အစက ရိုးရိုးခင်တယ်အောက်မေ့တာ ။ နောက်မှ ဒီကိစ္စတွေ ဖြစ်လာတော့မှသိတာ။ ဟင်.. အဲဒါတွေမသိလည်းမသိဘူး။ ဟုတ်လား၊နည်းနည်းတော့သိထားတယ်၊ ပြောပြမယ်လေ။ ကောင်မလေးကိုတခြားတစ်ယောက်ကလိုက်တယ်လေ၊ အဲဒီတစ်ယောက်ကိုရော သိတယ်မဟုတ်လား ။ ဟို .. ခပ်ဆိုးဆိုးလေးပဲလေ ။ ကောင်မလေးက ဘယ်ပြန်ကြိုက်မလဲ ဟိုတစ်ယောက်ကိုပဲသူကကြိုက်နေတာကိုး ။ သူနဲ့လား၊ ခင်ပါတယ် ။ အဲ..အဲဒီ့လိုကိစ္စတွေဖြစ်လာတော့ ဟိုကနည်းနည်း သွေးပူလာတယ်နဲ့တူတယ်။ သူလည်းလှုပ်ရှားလာတယ်လေ ။ နို့မို့ရင် ဟိုခပ်ဆိုးဆိုးလူနောက် ပါသွားမှာစိုးလို့နေမှာပေါ့။ အဲ့ဒီ့လိုပဲကြိုက်သွားကြတာ။ အင်းပေါ့ .. ဒီအခြေအနေထိရောက်မယ်လို့တော့မထင်ထားဘူးပေါ့ ။ ကောင်းပါတယ်လေ ၊ ကောင်မလေးလည်းအဲ့ဒါမှ ငြိမ်သွားမှာ ။ မဟုတ်ရင်သူ့ စိတ်ကဟိုရောက်ဒီရောက်နဲ့ ။ သူ့ဟိုတစ်ယောက်ကလည်း ကြင်နာ မှာပါ ။ တို့လား? ၊အစကတည်းက သူတို့နှစ်ယောက်ကိုသဘောတူပါတယ် ။ ဟိုလူလား၊ အခုသိပ်မတွေ့တော့ဘူး ပုံစံကလူမိုက်ရုပ်နဲ့ ။ သူ့ယောက်ျားလောင်းနဲ့ပဲသဘောတူတယ် ။
နိဂုဏ်း ။
အနီးဝန်းကျင်မှ သတင်းအချက်အလက်များနှင့် နီးစပ်ရာလူများရဲ့ ထင်မြင်ချက်သဘောများကို မှတ်တမ်းတင်စုံစမ်းပြီးနှစ်ရက်အကြာတွင် ကောင်လေးနှင့် ကောင်မလေးရဲ့ လက်ထပ်ပွဲကျင်းပကြကြောင်းသိရသည် ။ သတင်းစာများတွင်လည်း ကြော်ငြာများထည့်ကာ သူတို့ရဲ့မင်္ဂလာသတင်းကို ဝေေ၀ဆာဆာဖော်ပြထားကြသည် ။ မင်္ဂလာပွဲသို့သွားပြီးသူတို့နှစ်ယောက်အား မေးမြန်းရန်ကြံစည်ခဲ့သော်လည်း ကိုယ့်ကိုမဖိတ်သဖြင့်အထမမြောက်ခဲ့ ။ အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ပါစေဟု ဆုတောင်းပေးလိုက်ကြောင်းကိုတော့ကြားလူများမှတဆင့် စကားလက်ဖွဲ့လိုက်ပါသည် ။
” ကောင်မလေး .. ဗျာ .. ” အင်တာဗျူးပြီးဆုံးပါပြီ ။
ညမ်း
အလင်းရုပ်ကြွင်းစာစုများသည် ၂၀၀၃ ခုနှစ်ဝန်းကျင်တွင် Dagon Universityမှ ကျောင်းသားများထုတ်ဝေဖူးသော စာစု၊စာအုပ်ဖြစ်ပါသည် ။ ၄င်းတို့ထဲမှ ပိုစ့် ၊ ကဗျာ များကို ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။