ပိုးကိုက်အန်ဖတ်

“ပိုးကိုက်အန်ဖတ်”

တစ်ဘ၀စာ

ဝေဒနာအရည်တွေချည်း

လိမ့်သောက်ခဲ့တာ

ခေါင်းထဲမှာ ချာချာလည်

အသိစိတ်က

ငိုတစ်ဝက် ရယ်တစ်လှည့်နဲ့

ရင်ထဲမှာ ပျို့ တက်

ဆက်ထိန်းဖို့ကလည်း မတတ်တော့တာ

အန်ချပစ်လိုက်တဲ့အခါ

အမှားတွေအများဆုံးပေါ့ .. ။

အသက်ရှုခွင့်တွေ

ဈေးတက်ကြမ်းလိုက်တာ

ချွေချွေတာတာနဲ့ 

လိုအပ်မှရှူတာတောင်

ဝင်လာတဲ့လေတွေ

မာနခပ်ကြီးကြီးရယ် .. ။

ကံအကျိုးပေးသလောက်ပေါ့

အကြံဥာဏ်လေးတော့ပေးပါဦး

အစကတည်းက ဇာတ်သိမ်းမလှခဲ့တာ

အဆုံးမှာလက်ခုပ်သံသဲ့သဲ့

သောကမျက်ရည်တွေနဲ့ 

အနည်းငယ်တော့ပြုံးချင်သေးတယ် .. ။

မှောင်ချင်မှောင်ပါစေ ၊

အလင်းလည်းမတတာ့ဘူး

အခြေခံအကြောင်းပြချက်

သက်ပြင်းတွေတစ်ခွက်ပြီးတစ်ခွက်

ထွက်သက်ဝင်သက်တွေ

ရှောရှောရှူရှူပဲဖြစ်ချင်တယ် .. ။

ခါတိုင်းလိုပါပဲ

ဝေဒနာတွေပဲသောက်နေတာ

ဒီတစ်ခါ မအန်ဖို့ကြိုးစားပေမယ့်

ဒဏ်ရာတွေ နှင်းရိုက်သွားလို့

ရှိသမျှကို အန်ချလိုက်တာ

အမှားတင်မက

လတစင်းပါ

ပါသွားတော့တယ် ။    ။

ဧရာဝေး

အလင်းရုပ်ကြွင်းစာစုများသည် ၂၀၀၃ ခုနှစ်ဝန်းကျင်တွင် Dagon Universityမှ ကျောင်းသားများထုတ်ဝေဖူးသော စာစု၊စာအုပ်ဖြစ်ပါသည် ။ ၄င်းတို့ထဲမှ ပိုစ့် ၊ ကဗျာ များကို ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။

လမ်းလျှောက်ထွက်တဲ့ည

“လမ်းလျှောက်ထွက်တဲ့ည”

တိတ်ဆိတ်စွာ လောကကို
အိပ်မွေ့ ချ ။

ပထမ
စီးပွားရေးစစ်ပွဲ
ကားတိုက်ပွဲမှာ
ကျဆုံးသူအဖြစ်
ညကြီးပိုင်း မိခဲ့တယ် ။

ဒုတိယ
ဖြူလွှလွှ “လ”
အအေးအပူမမျှတဲ့ ရမ္မက်မှာ
အပေးအယူနဲ့ ရေမွှေးတချိုးတွေ့ ခဲ့တယ် ။

တတိယ
“ည” လူသားများ
မထူမခြားပြောတဲ့
စကားတစ်ချို့ ကြားခဲ့တယ် ။

စတုထ္ထ
မိုးလင်းဆိုင်ရဲ့ 
ကုလားထိုင်မှာ
ယိုင်တိုင်တိုင် လူသားတစ်ချို့ မြင်မိတယ် ။

အဲ့ဒီလို
“ည” ဟာတိတ်ဆိတ်မှုနဲ့
လောကကို အိပ်မွေ့ ချ
ပြီးမှ
သူ့ ဘ၀သူပြန်ကြည့်တယ် ။

ယာသစ်

အလင်းရုပ်ကြွင်းစာစုများသည် ၂၀၀၃ ခုနှစ်ဝန်းကျင်တွင် Dagon Universityမှ ကျောင်းသားများထုတ်ဝေဖူးသော စာစု၊စာအုပ်ဖြစ်ပါသည် ။ ၄င်းတို့ထဲမှ ပိုစ့် ၊ ကဗျာ များကို ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။

ငါမြတ်နိုးသောငါ

“ငါမြတ်နိုးသောငါ”

ပွင့်အန်ထွက်လာတဲ့
နှလုံးသားချောင်းဆိုးသံဟာ
အူသံကင်းတဲ့ မြစ်တစ်စင်းပမာ
ငါ့ရင်ဘတ်ထဲ ခြောက်ခမ်းစေခဲ့တယ် ..

ပြာဝေေ၀ အသည်းတစ်ခြမ်းရဲ့ 
လွမ်းချင်းတွေဟာ
ရွှက်မဲ့လှေကို
ဦးတည်ချက်တွေ ဗြောင်းဆန်ခဲ့တယ် ..

လှပါတယ်ဆိုကြတဲ့
အညှိတက်အရေပြားတွေ
ပက်ကြားအက်ခဲ့ရင်
မျက်နှာလွှဲမဲ့သူတွေ အတော်များလိမ့်မယ် ..

ငါငတ်မွတ်တဲ့ စေတသိတ်တစ်စုံဟာ
အချိန်နဲ့တိုက်ရိုက်အချိုးကျခဲ့ရင်

နာနာကြင်ကြင်လှိုက်လှဲပေးမယ့်
ကဗျာစတွေ အခုကတည်းက
နုထားချင်တယ် ..

အခုလောလောဆယ်တော့….
အချိန်မဲ့ဇုံမှာ ငါနေထိုင်တယ် ။ ။

နိုက်
အလင်းရုပ်ကြွင်းစာစုများသည် ၂၀၀၃ ခုနှစ်ဝန်းကျင်တွင် Dagon Universityမှ ကျောင်းသားများထုတ်ဝေဖူးသော စာစု၊စာအုပ်ဖြစ်ပါသည် ။ ၄င်းတို့ထဲမှ ပိုစ့် ၊ ကဗျာ များကို ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။

ကောင်မလေး .. ဗျာ ..

“ကောင်မလေး .. ဗျာ .. “

စကား-၁ ။

” အဲ့ဒီ့တုန်းကလေ ။ ဒေါ်ဖွားခင်ကြီးဆေးရုံတတ်တဲ့နေ့ပေါ့ ။ သူ့ကလေးတွေကဆေးရုံပို့မယ်လုပ်ကြတုန်းမတတ်ချင်ဘူးဆိုပြီး အိမ်သာထဲမှာ သော့ခတ်ပြီးနေတာလေ ။ အရပ်ကူပါလူဝိုင်းနဲ့ တံခါးဖျက်ပြီးဆွဲထုတ်ရတာ မှတ်မိတယ်မဟုတ်လား ။ အဲ့ဒီ့နေ့ကပေါ့ .. . ကောင်မလေးလည်း ရည်းစားနောက်လိုက်ပြေးတာ ။ ပထမတော့ကောင်မလေးအိမ်ကစိတ်ဆိုးတာပေါ့ ။ ကောင်မလေးကငယ်ငယ်လေးဘဲရှိသေးတာလေ ။ နောက်တော့လား .. ။ မနေနိုင်ပါဘူး ပြန်လက်ခံရတာပေါ့ ။ အေးပေါ့ .. သူတို့ဘက်က မိန်းခလေးဆိုတော့ .. ။ ကောင်မလေးလား၊ ဟုတ်တယ်လေ ။ ငယ်ငယ်နုနုလေး ။ ဘယ်လိုကြည့်ကြည့်ကလေးလို့ပဲထင်ရတယ် ။ ရည်းစားထားတယ်ကြားတုန်းက ကိုယ်တောင်သိပ်မယုံချင်ဘူး .. “

စကား-၂ ။
” သြော် .. . ဒါလား ။ ဒီလိုပါဘဲ ။ ဖြစ်တတ်တဲ့သဘောတွေပေါ့ ။ ဒီလောက်ထိတော့မထင်ထားဘူးပေါ့ ။ ကောင်မလေးက ကလေးစိတ်ပါ ။ ကျွှန်တော်တို့နဲ့က ညီမလေးလိုပါပဲ ။ သူတို့အုပ်စုနဲ့ ကျောင်းစတတ်ကတည်းက  ခင်တာလေ ။ အင်း .. ကျွှန်တော်တို့ကိုဆိုရင် ကိုကြီး ကိုကြီးနဲ့ အရမ်းခင်တာ၊ နှမျောသလိုတော့ဖြစ်မိပါတယ် ။ ဒါပေမယ့် သူ့စိတ်ကိုယ့်စိတ်ဆိုတော့ ဘာတတ်နိုင်မှာလဲ ။ သူတို့စကြိုက်တုန်းက မသိဘူး ။ တော်တော်လျှို့ ဝှက်တာ ။ အရင်က သူ့ကိုကြိုက်တဲ့သူ တစ်ယောက်စ နှစ်ယောက်စရှိသားဗျ ။ ကျွှန်တော်တို့တောင်စားလိုက်ရသေးတယ် ဟဲဟဲ ။ သူနဲ့အရမ်းခင်တယ်ဆိုတော့ လိုက်တဲ့သူတော်တော်များများကသူ့အကြောင်းသိချင်ရင်လာစုံစမ်းကြတာလေ ။ မျက်စိထဲမှာ အမြင်တော်တဲ့လူဆို ရေလိုက်ငါးလိုက်ဘဲ ။ အတိအကျတော့ဘယ်ပြောပါ့မလဲ ။ အင်း …. ကောင်းပါတယ်ဗျာ ။ ကောင်းတယ်လို့ပဲပြောရမှာပေါ့ ၊ ဟုတ်ဘူးလား ။ သူကြိုက်တဲ့လူနဲ့ရသွားတာ မကောင်းဘူးလို့မှ ပြောလို့မရတာ။
စကား-၃ ။
” ဘာဖြစ်လို့ဒီအကြောင်းတွေလာမေးနေရတာလဲ ။ မပြောချင်လို့မဟုတ်ပါဘူး ။ ပြောရမှာတမျိုးကြီးဘဲ ။ အင်းလေ .. သိချင်ရင်တော့ပြောပြရတာပေါ့ ။ အာ .. ဟုတ်ဘူး၊ မဟုတ်ဘူး အခုမဟုတ်ဘူး ။ သူတို့ကြိုက်နေတာ နည်းနည်းကြာပီ ။ ကောင်မလေးက စတယ်ထင်တာဘဲ ။ အစက ရိုးရိုးခင်တယ်အောက်မေ့တာ ။ နောက်မှ ဒီကိစ္စတွေ ဖြစ်လာတော့မှသိတာ။ ဟင်.. အဲဒါတွေမသိလည်းမသိဘူး။ ဟုတ်လား၊နည်းနည်းတော့သိထားတယ်၊ ပြောပြမယ်လေ။ ကောင်မလေးကိုတခြားတစ်ယောက်ကလိုက်တယ်လေ၊ အဲဒီတစ်ယောက်ကိုရော သိတယ်မဟုတ်လား ။ ဟို .. ခပ်ဆိုးဆိုးလေးပဲလေ ။ ကောင်မလေးက ဘယ်ပြန်ကြိုက်မလဲ ဟိုတစ်ယောက်ကိုပဲသူကကြိုက်နေတာကိုး ။ သူနဲ့လား၊ ခင်ပါတယ် ။ အဲ..အဲဒီ့လိုကိစ္စတွေဖြစ်လာတော့ ဟိုကနည်းနည်း သွေးပူလာတယ်နဲ့တူတယ်။ သူလည်းလှုပ်ရှားလာတယ်လေ ။ နို့မို့ရင် ဟိုခပ်ဆိုးဆိုးလူနောက် ပါသွားမှာစိုးလို့နေမှာပေါ့။ အဲ့ဒီ့လိုပဲကြိုက်သွားကြတာ။ အင်းပေါ့ .. ဒီအခြေအနေထိရောက်မယ်လို့တော့မထင်ထားဘူးပေါ့ ။ ကောင်းပါတယ်လေ ၊ ကောင်မလေးလည်းအဲ့ဒါမှ ငြိမ်သွားမှာ ။ မဟုတ်ရင်သူ့ စိတ်ကဟိုရောက်ဒီရောက်နဲ့ ။ သူ့ဟိုတစ်ယောက်ကလည်း ကြင်နာ မှာပါ ။ တို့လား? ၊အစကတည်းက သူတို့နှစ်ယောက်ကိုသဘောတူပါတယ် ။ ဟိုလူလား၊ အခုသိပ်မတွေ့တော့ဘူး ပုံစံကလူမိုက်ရုပ်နဲ့ ။ သူ့ယောက်ျားလောင်းနဲ့ပဲသဘောတူတယ် ။

နိဂုဏ်း ။

အနီးဝန်းကျင်မှ သတင်းအချက်အလက်များနှင့် နီးစပ်ရာလူများရဲ့ ထင်မြင်ချက်သဘောများကို မှတ်တမ်းတင်စုံစမ်းပြီးနှစ်ရက်အကြာတွင် ကောင်လေးနှင့် ကောင်မလေးရဲ့ လက်ထပ်ပွဲကျင်းပကြကြောင်းသိရသည် ။ သတင်းစာများတွင်လည်း ကြော်ငြာများထည့်ကာ သူတို့ရဲ့မင်္ဂလာသတင်းကို ဝေေ၀ဆာဆာဖော်ပြထားကြသည် ။ မင်္ဂလာပွဲသို့သွားပြီးသူတို့နှစ်ယောက်အား မေးမြန်းရန်ကြံစည်ခဲ့သော်လည်း ကိုယ့်ကိုမဖိတ်သဖြင့်အထမမြောက်ခဲ့ ။ အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ပါစေဟု ဆုတောင်းပေးလိုက်ကြောင်းကိုတော့ကြားလူများမှတဆင့် စကားလက်ဖွဲ့လိုက်ပါသည် ။

” ကောင်မလေး .. ဗျာ .. ” အင်တာဗျူးပြီးဆုံးပါပြီ ။

ညမ်း

အလင်းရုပ်ကြွင်းစာစုများသည် ၂၀၀၃ ခုနှစ်ဝန်းကျင်တွင် Dagon Universityမှ ကျောင်းသားများထုတ်ဝေဖူးသော စာစု၊စာအုပ်ဖြစ်ပါသည် ။ ၄င်းတို့ထဲမှ ပိုစ့် ၊ ကဗျာ များကို ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။

အရင်းကောက်ကြောင်း

“အရင်းကောက်ကြောင်း”

ချိန်ခွင်တစ်ခုမှာ

လျှာထိုးရာ အသာရမြဲဆိုပေမဲ့

အရင်းတစ်ခုရဲ့ ပကတိတွေ

ပြန်မယူနိုင်ဘူးလေ..

တကယ်တမ်း

ကောက်တမ်းနဲ့ စစ်ကြည့်

ကာလနဲ့အချိန်က

စကားတတ်ကြစမြဲ

အမြတ်ဆိုတဲ့

အတ္တတွေနောက်

ကောက်ကောက်ပါအောင်လိုက်ရင်းနဲ့

ရင်းနှီးနေတဲ့ တန်ဖိုးတွေက

တရိပ်ရိပ်တိုးပြီး

အမိုးထိုးလာမှပဲ

အရှုံးနွံထဲ နှစ်သထက်နှစ်မှန်း

သိလာရတော့တယ် ။              ။

ခေသင်

၎င်းအလင်းရုပ်ကြွင်းစာစုများသည် ၂၀၀၃ ခုနှစ်ဝန်းကျင်တွင် Dagon Universityမှ ကျောင်းသားများထုတ်ဝေဖူးသော စာစု၊စာအုပ်ဖြစ်ပါသည် ။၎င်းတို့ထဲမှ ပိုစ့် ၊ ကဗျာ များကို ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။

……………………..

” …………………….. “

ဟိုတစ်ကွေ့ ထိတော့

အားတင်းလိုက်ပါ

နေမကျခင်

ဆောင်းနဖူးကို ရှောင်ကြရအောင်

တစ်ချို့ ပွင့် တစ်ချို့ ကြေ …

ပန်းတွေအလယ်မှာ

မဆိုင်သူမ၀င်ရ

မဖြစ်ရလေအောင်

လျှာရိုးအနည်းငယ်နဲ့ 

အိမ်မက်တွေလဲခဲ့ပါ .. .

အကြောင်းကြောင်းကြောင့်

အချိန်မှီ မရောက်ခဲ့ရင်

မှောင်ရိပ်မှာ ခဏစောင့်

လမ်းကြမ်းတွေ ရှင်းလင်း

တံတားတစ်ချို့ ခင်းပြီးမှ

ပြောစရာတွေကျန်ခဲ့ရင်

ဟိုတစ်ကွေ့ ထိတော့

အားတင်းပြီးလိုက်ခဲ့ပါ ။   ။

ညမ်း

၎င်းအလင်းရုပ်ကြွင်းစာစုများသည် ၂၀၀၃ ခုနှစ်ဝန်းကျင်တွင် Dagon Universityမှ ကျောင်းသားများထုတ်ဝေဖူးသော စာစု၊စာအုပ်ဖြစ်ပါသည် ။၎င်းတို့ထဲမှ ပိုစ့် ၊ ကဗျာ များကို ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။


Follow

Get every new post delivered to your Inbox.