ဘာဖြစ်လဲ

“ဘာဖြစ်လဲ”

ဒီအရောင်ပါ
ဟိုအရောင်လို့ခင်ဗျားထင်ရင်
ခင်ဗျားသဘောပေါ့
ဘာဖြစ်လဲ .. ။
လျှောက်မယ်ဆိုကာမှ
ဆုံးရသလားလမ်းရယ်
တစ်လှမ်းလောက်ခြေချခွင့်ပေးရင်
ဘာဖြစ်လဲ .. ။
ပေးခဲ့ပြီးပြီ
ရှိသမျှကုန်ကာမှ
ဘာမှမရဘူးတဲ့
ဘာဖြစ်လဲ .. ။
မှားပြန်ပြီ
အမှန်တွေပဲဆုပ်ကိုင်ခဲ့တာ
ဒီတစ်ခါလည်း …….
ဘာဖြစ်လဲ ။

ကဏ

လူအ

“လူအ”

လူတစ်ယောက်သည်တုံးသည်၊အသည်၊ရိုးရိုးသည် ။

အတွေ့အကြုံပြည့်ဝစွာသည် ။

ရက်ရက်စက်စက်သည် ။

မလှမပသည် ။

ပျော်စရာကောင်းလောက်အောင်သလိုရင်နင့်စရာကောင်းလောက်အောင်လည်းသည် ။

အစကတည်းကခဲ့သည်၊နေတုန်းဖြစ်သည် ။ ဆက်လက်ရန်လည်းအသင့်ရှိသည် ။

ချီးမွမ်းကဲ့ရဲ့ခံရအောင်သည် ။

ရာဇ၀င်တွင်အောင်သည် ။

မေ့သွားလောက်အောင်သည် ။

စိတ်ဝင်စားကာအမှတ်တမဲ့ထားရလောက်အောင်သည် ။

အမည်မဖော်နိုင်အောင်သည် ။

သံသယ၀င်ကာရွံရှာဖွယ်ကောင်းအောင်သည် ။

သနားစိတ်နှင့်ကြင်နာချင်အောင်သည် ။

ရှင်းလင်းဖော်ပြနိုင်စွမ်းမတတ်နိုင်သောအလို့ငှာသည် ။

မျှော်လင့်မက်မောတွယ်တာရစွာသည် ။

ဘ၀တစ်ခုလုံးနှင့်မလဲနိုင်စွာသည် ။

ဆက်လက်ရေးသားရှင်းလင်းမပြနိုင်စွာခဲ့သည် ။

ရှေ့ဆက်မဖတ်ချင်တော့လောက်အောင်နေပြန်သည်။

အစွမ်းကုန်ကြိုးစား…..အထားသည်။

ကဏ

သံသယနဲ့လူ

“သံသယနဲ့လူ”

လူတစ်ယောက်ပါ
အစွန်းရောက်စိတ်ဓာတ်နဲ့ သံချေးတက်အိမ်မက်ကို
ကိုယ်ချင်းစာစိတ်နဲ့ လဲလှယ်ခဲ့တဲ့
လူတစ်ယောက်ပါ .. ။
လိုတာမရလို့ ရတာမလိုတော့ဘူး
မူးခဲ့သမျှကိုယ့်အတ္တပဲကိုယ်သောက်ခဲ့တဲ့
လူတစ်ယောက်ပါ .. ။
ဟန်မဆောင်ဘူး
အထွေအထူးမပါပဲရိုးရိုးလေးပဲ
တွေးနေဆဲ လူတစ်ယောက်ပါ .. ။
ဖြည့်စွမ်းလိုမှုနဲ့
အထူအပါးထည့်မတွက်ပဲလုပ်
လူရှုပ်လို့ပြောရင်လည်း
လူတစ်ယောက်ဖြစ်ခွင့်ပေးပါ .. ။
တစ်ခေတ်လုံးမဟုတ်တောင်
မှုန်ပြပြတစ်ညမျှ
ကြိုးစားထွန်းပြမဲ့ လူတစ်ယောက်ပါ
နှစ်ယောက်လဲဖြစ်ကောင်းဖြစ်မှာ … ။

ကဏ

ဥပေက္ခာ

“ဥပေက္ခာ”

သူ့ကိုချစ်ခဲ့တယ်ဆိုတာ

တိမ်တွေကိုဆွတ်

နှင်းဆီလိုစည်းပြီး

ပန်းတော်ဆက်ဖို့မဟုတ်ခဲ့ပါဘူး ..

ညနေခင်းတစ်ခုရဲ့

လှပမှုအတွက်

တိမ်တွေကိုပျိုးခဲ့တာပါ

နင်လိုအပ်သမျှခံစားသုံးစွဲပါ

အကန့်အသတ်မဲ့ခြင်းနဲ့ပေါ့ .. ။

သူ့ကိုမျှော်လင့်မိခဲ့တယ်ဆိုတာ

ရိုးတံတစ်ခုကို

သဘာဝလွန်တိမ်းညွတ်စေမှုမျိုးမဟုတ်ခဲ့ပါဘူး ..

မိုးစက်လေးတွေခုန်ချပြီး

ငြိမ်းအေးစွာကိုင်းညွတ်စေမှုပါ

လွတ်လပ်စွာအေးမြလန်းဆန်းလိုက်ပေါ့ .. ။

သူ့ကိုတွယ်တာခဲ့တယ်ဆိုတာ

အပင်တစ်ပင်ပျိုးခဲ့တာမဟုတ်ပါဘူး ..

ပန်းတစ်ပွင့် (အလိုလျောက်)

ပွင့်ခဲ့သလိုပါ

အစွမ်းကုန်အလှဆင်ပေးပြီး

အချိန်တန်ရင်ကြွေပေးခဲ့ရုံပေါ့ .. ။

သဘာဝဖြစ်စဉ်တစ်ခုပါပဲ

နင် …

လွယ်ကူစွာမျက်ကွယ်ပြုနိုင်ပါတော့ .. ။

စည်သူ

ချဉ်စုပ်စုပ်ကဗျာဆရာ

“ချဉ်စုပ်စုပ်ကဗျာဆရာ”

အိမ်မက်တွေအရည်ပျော်ကျချိန်ပေါ့

တိမ်တိုက်တွေငိုကြ

ပန်းတွေကြွေကြ ၊ သစ်ပင်တွေသေကြ

ဘ၀တစ်ခုလုံး လုံးပါးပါးသွားတာတောင်

ကြမ္မာခွေးအိုကြီးက အချိုမ၀တဝ

ကိုယ့်အပြစ်နဲ့ကိုယ်မဟုတ်ပေမယ့်

သူ့ကိစ္စသူတော့ရှိမှာပေါ့ .. ။

လတ်ဆတ်တဲ့အနမ်းတွေမရှိခင်ကတည်းက

ခြောက်သွေ့ခဲ့ရတာ

အခုတော့လည်း

အေးမြတဲ့လေကြမ်းတွေနဲ့ ချမ်းနေခဲ့တယ်

ဝဲမရှိဘဲလည်ခဲ့ရတဲ့လှေငယ်လို

ငါက …

ဝဲရှိလျက်နဲ့မလည်ဖြစ်တာပါ

ကမ္ဘာကြီးရွာတစ်ရွာမဖြစ်ခင်ကတည်းက

တစ်ရွာတစ်ကျီဆောက်

တစ်ခွက်ပြီးတစ်ခွက်သောက်

မှောက်တော့မှ

“ငါအိပ်ပျော်ခဲ့ရတယ်”

ယာသစ်

ရပ်

“ရပ်”

မူလတန်းအရွယ် ၊ လူမမယ်ချိန်

မှိန်မှိန်ဘ၀ ၊ ဖြစ်စဉ်တည်းက

ငါ ဘ၀ဟာရပ် ။

အရွယ်ရောက်လို့ ၊ လူလားမြောက်ချိန်

ကဗျာစဖတ် ၊ စာစတတ်ပြီး

ကောင်မလေးတွေ ၊ လိုက်ကာငေးလည်း

ပြန်မကြည့်လို့ရပ် ။

အခြေခံအဆင့် ၊ ဆယ်တန်းဝင်ခွင့်

ဖြေချိန်ရောက်လည်း ၊ ထင်တိုင်းမပေါက်

စာမကြောက်လို့ ၊ ရမှတ်တွေက ရပ် ။

ကောလိပ်ကျောင်းသား ၊ ငါပဲပေါ့ကွ

အကြွားသန်သန် ၊ စိတ်ထန်ထန်နှင့်

နေပူကျဲတဲ ၊ ဖုံတောထဲတွင်

အားကြိုးမာန်တက် ၊ အတန်းတက်ဖို့

သမာမခိုင် ၊ စိတ်ယိုင်ယိုင်နှင့်

ဆံပင်ရှည်ရှည် ၊ လူတေလေမို့

စာမေးပွဲမှာ ရပ် ။

ရပ်တိုင်းမကြောက် ၊ ထင်တိုင်းပေါက်လို့

ငါဆိုတဲ့ကောင် ၊ မိုးမီးလောင်လည်း

မကြောက်မှုရွံ့ ၊ ရှေ့ဆက်ဝံ့သည်

မိုးထိတိုင်အောင် ၊ လှေကားထောင်လို့ ရပ် ။

မင်းနဲ့တွေ့ချိန် ၊ လင်းထိန်ဘဝ

အမှောင်ပျောက်စ ၊ ကြည်နူးရလို့

ပျော်ရွှင်စိတ်ကူး ထူးထွေမတွေး

ချစ်ခွင့်လဲပန် ၊ စိတ်ပြန်လည်အောင်

ရူးအောင်ကြိုးစား ၊ ချစ်ခဲ့ငြားလည်း

အစဉ်ထုံးတမ်း ၊ လျှောက်ခဲ့လမ်းလို

တုံ့ပြန်မေတ္တာ ၊ မရပါခဲ့

အမုန်းများသာ ၊ ပြည့်လာပါရဲ့

ငါဆိုတဲ့ကောင် ရပ် ။

အရှင်ဘုရား ၊ ဆုတောင်းပါ၏

ဘ၀ဆက်တိုင်း ၊ မရပ်ပါနှင့်

ရပ်ခြင်းများစွာ ၊ ဤဘ၀မှာ

ကုန်လိုပါ၏ ။

ခရီးသစ်

“ခရီးသစ်”

ဘယ်မြို့ကမှ အ၀င်မခံတဲ့ကောင်ပေါ့

ကိုယ့်ကိုယ်ကိုလောင်းကြေးတင်

အမြင့်ပျံစိတ်ကူးတွေနဲ့

ချိနဲ့နေခဲ့ရတာကြာပေါ့ .. ။

ဆောင်းရာသီဂျုံခင်းတွေထဲမှာ

အလေအလွင့်နည်းချင်ပေမယ့်

တစ်ခါတစ်ရံမှာ ..

ကြံကြမ္မာဟာ ..

မီးပွိုင့်တစ်ခုနဲ့ထပ်ထူနေတတ်တယ် .. ။

ကိုယ့်ဘ၀ကိုကိုယ်ရီပလေး(Replay)

ပြန်မကြည့်နိုင်ခဲ့လို့

တဘ၀စာအဆုံးအဖြတ်မှာ

“ဟတ်ထရစ်” မသွင်းနိုင်ခဲ့ဘူး .. ။

အခုတော့

ရင်ခုန်မှုအသစ်စက်စက်တွေနဲ့

ကိုယ်ပင်လယ်ကြီးကိုယ်ပြန်ဖို့နေရတာ …

သေချာပါတယ် ..

စိတ်တွေနဲ့ဝင်ရိုးစွန်းရေခဲပြင်တွေ

ညီမျှခြင်းချလို့ရတဲ့နေ့မှာ

ကိုယ်က …

မိုးပျံပူဖောင်းတစ်လုံးလိုကြံ့ခိုင်ဖို့လိုတယ် ..

မယ်မယ်ရရမဟုတ်တဲ့လက်ခုပ်သံတစ်ချို့လိုတယ် ..

အပေါစားအားဆေးတစ်လုံးလောက်လိုတယ် ..

လိုရမယ်ရစိတ်တစ်ချို့လိုတယ် ..

နောက်ဆုံး …

ဝီစကီအရသာနဲ့

အဆိပ်ခွက်တစ်ခွက်လည်းလိုတယ် … ။

ယာသစ်

Follow

Get every new post delivered to your Inbox.